ပွင့်ဖြူမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်

ပွင့်ဖြူ နိုဝင်ဘာ ၆


၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မဲဆန္ဒရှင်ပြည်သူများ စိတ်အေး ချမ်း လုံခြုံစွာ မဲပေးနိုင်ရေး အတွက် ကြိုတင်၍ မဲရုံများ မီးဘေးကြိုတင်ကာကွယ်ရေး ကြပ်မတ်စစ်ဆေးခြင်း ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ၏ ဦးဆောင်မှုဖြင့် မီးသတ်တပ် ဖွဲ့ဝင်များက နယ်မြေအလိုက် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
မဲရုံများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်(၄)ခုနှင့် မြို့နယ် အတွင်းရှိ ကျောင်းတော်ရာ ကျေးရွာအုပ်စုနှင့် မဲဇလီကျေးရွာအုပ်စုရှိ မဲရုံများနှင့် မဲရုံအနီးဝန်းကျင်ရှိ လူနေအိမ် များအား မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ စစ်ဆေးခြင်း ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထား ရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရွေးကောက် ပွဲတွင် မီးလန့်မှုနှင့် မီးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်နာရမည့်ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ မဲရုံများတွင် မီးဘေးလုံခြုံစေရန်နှင့် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်း လုံခြုံစွာ မဲပေးနိုင်ရေး အတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို မြို့နယ်အတွင်းရှိ ကျန်ရှိသည့် မဲရုံများအား မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ထံက သိရသည်။
ပွင့်ဖြူမြို့နယ်၌ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေး အတွက် မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် မဲရုံပေါင်း(၈၉)ရုံ ၊ မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် မဲရုံပေါင်း(၇၄)ရုံ ၊ စုစုပေါင်း မဲရုံ (၁၆၃)ရုံ လျာထားဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်စန်းမြင့် ထံက သိရသည်။  
ရဲဝင်းနိုင် ( ညောင်ဦး )