ပုသိမ် နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်သဖြင့် ပုသိမ်မြို့တွင် မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်ရန် "မဲပေးကြပါစို့" ပိုစတာများကို ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့ရှိမြေစိုက်နံရံကပ် ပြဘုတ်တွင် ပြသအသိပေးထားသည်။
အဆိုပါပိုစတာတွင် မဲဆန္ဒရှင်များ သိရှိနိုင်ရန် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆိုင်ရာ သတင်းအချက်အလက်များကို တိုက်ဆိုင်စစ်ဆေးခြင်း၊ သတင်တုသတင်းယောင်များ ပျံ့နှံ့မှုကို တားဆီးခြင်း၊ သတင်းမှား (Misinformation)၊ မမှန်ကန်သောသတင်း/ လုပ်ကြံသတင်း (Disinformation) ၊ မလျော်ကန်သော သတင်း (Mali formation)၊ အမုန်းစကား (Hate Speech ) စသည့်တို့ကို သတိပြု ဆင်ခြင်နိုင်ရန်ဖော်ပြ ပေးထားသည်။
၎င်းအပြင် ဘက်လိုက်မှုမရှိဘဲရေးသားသည့် သတင်းရင်းမြစ်မှ ဖြန့်ဝေသော သတင်းဟုတ်၊ မဟုတ် စစ်ဆေးနိုင်ခြင်း၊ သတင်းဟောင်းများမဖြစ်စေရန် သတင်းထုတ်ပြန်သည့်နေ့ကို စစ်ဆေးခြင်း၊ သတင်း တစ်ခုအပေါ် ရှုထောင့်ပေါင်းစုံက ရေးသားပြောဆိုမှုများကို ဖတ်ရှုလေ့လာခြင်း၊ မတူသောအမြင် များကို အသိအမှတ်ပြုခြင်း၊ အတွေးအခေါ်၊ အယူအဆ၊ ခံယူချက်များ ကွဲပြားသည့်တိုင် တစ်ဖက်သားကို လေးလေး စားစားဆက်ဆံခြင်း၊ အချက်အလက်များကို အသုံးပြု၍ ဆွေးနွေးငြင်းခုံခြင်း စသည့်အကြောင်း အရာများကို ပြည်သူများသိရှိစေရန်တို့ အသိပေးထားကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)