ပန်းတနော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိ ပထမပြန် စာမေးပွဲဖြေဆိုလျက်ရှိ

ပန်းတနော် ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက် မွန်းတည့် ၁၂ နာရီအချိန်မှစတင်၍ အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

စာမေးပွဲဖြေဆိုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများက လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ပြီး စာမေးပွဲကာလ နေ့ရက်များအလိုက် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့၊ ဆရာတော်ကြီးများနှင့် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် အချိုရည်များကို စေတနာရှင် အလှူရှင်များကလည်းကောင်း၊ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် စာမေးပွဲကျင်းပရေးကော်မတီမှ ဆွမ်းစရိတ်အဖြစ် အလှူငွေများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ခုနှစ်၊ အစိုးရပါဠိ ပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲတွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၅၈)ပါး စာရင်းပေးသွင်းထားသည့်အနက် ပထမကြီးတန်းတွင်(၃)ပါး၊ ပထမလတ်တန်းတွင်(၆)ပါး၊ ပထမငယ်တန်းတွင်(၇)ပါး၊ အခြေပြုမူလတန်းတွင် (၃၉)ပါး စုစုပေါင်း(၅၅)ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး စာမေးပွဲကို ဧပြီလ(၃)ရက် နေ့မှ ဧပြီလ(၉)ရက်နေ့အထိ (၇)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)