ပန်းတနော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကျင်းပ

ပန်းတနော် ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အနောက်ပိုင်းရပ်ကွက် မြို့မအားကစားရုံ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက် ဘိုလုပွဲပြိုင်ပွဲနှင့် မြန်မာ့သိုင်း၊ ဘောလုံးအလှပြကွက်များ၊ Fitness Dance အကများဖြင့် သရုပ်ပြဖျော်ဖြေခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်ဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်မျိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားပြီး ဌာနဆိုင်ရာ အကြီးအကဲများက ကြက်တောင်ရိုက်၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခြင်း၊ သင်တန်းသား/ သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းများတွင် ပိုက်ကျော်ခြင်း၊ ဘောလုံး၊ အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ကြက်တောင် စသည့် အားကစားသင်တန်းများကို မတ်လ (၁၀)ရက်နေ့မှ ဧပြီလ (၃)ရက်နေ့အထိ အခမဲ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)