ရှေ့တန်းရောက် တပ်မတော်သားများအတွက် ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များက ခေါက်ဆွဲခြောက်များ ပေးအပ်လှူဒါန်း

ဘားအံ ဧပြီ ၄

ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်များထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများအတွက် ကရင်ပြည်နယ်အတွင်းရှိ ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များက ငွေကျပ် ၂၀၅၀၀၀၀ဝိ/-(နှစ်ရာ့ငါးသိန်း)တန်ဖိုးရှိ အသင့်စားသုံးနိုင်သော ခေါက်ဆွဲခြောက်များကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း(၂)၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် တပ်မတော်သည်အဓိကဖြစ်သည့် အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကမကထပြု၍ ပြည်နယ်အတွင်းရှိ ကုမ္ပဏီများနှင့်လုပ်ငန်းရှင်အသင်းအဖွဲ့ ၁၇ ခုမှ အလွယ်တကူစားသုံးနိုင်သော ခေါက်ဆွဲခြောက် ၄၅၉၀၀ (လေးသောင်း ငါးထောင်ကိုးရာ)ထုပ်ကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ထိုသို့ပေးပို့လှူဒါန်းနိုင်ရေး ကူညီဆောင်ရွက်ပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် နှစ်ရာ့ငါးသိန်းကျော်တန်ဖိုးရှိ ခေါက်ဆွဲခြောက် လေးသောင်းငါးထောင်ကိုးရာထုပ်ကို တာဝန်ရှိသူတစ်ဦးထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး စေတနာရှင်အလှူရှင်ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ တပ်မတော်တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)