ပွင့်ဖြူ ဧပြီ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စားဖိုဆောင်သီးနှံစုံစိုက်ဧက ၄၁၈၃ ဧက သိမ်းဆည်းပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံစုံစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ငရုပ်သီးနှံ ၁၂၈၅ ဧက ၊ ကြက်သွန်နီ ၁၁၂၄ ဧက၊ ကြက်သွန်ဖြူ ၂၈ ဧက၊ ဟင်းသီးဟင်းရွက်သီးနှံ ၁၇၄၂ ဧက ၊ စုစုပေါင်း စားဖိုဆောင်သီးနှံစုံ ၄၁၇၉ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ငရုတ်သီးနှံ ၁၂၈၅ ဧက၊ ကြက်သွန်နီ ၁၁၂၅ ဧက၊ ကြက်သွန်ဖြူ ၂၈ ဧက၊ ဟင်းသီးဟင်းရွက်သီးနှံ ၁၇၄၅၊ စုစုပေါင်း စားဖိုဆောင်သီးနှံစုံ ၄၁၈၃ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့နဲ့ စားနပ်ရိက္ခာဖူလုံစေဖို့အတွက် ရည်ရွယ်ပြီး စားဖိုဆောင်သီးနှံစုံ ၄၁၇၉ ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး မြေပြင်မှာ ၄၁၈၃ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စားဖိုဆောင်သီးနှံများ စိုက်ပျိုးရာတွင် ဒေသခံတောင်သူတွေက ဈေးကွက်အခြေအနေပေါ်မူတည်ပြီး ဈေးကောင်းရရှိတဲ့ စားဖိုဆောင်သီးနှံများကို ရွေးချယ်အားထားစိုက်ပျိုးကြပါတယ်။ သီးနှံများစိုက်ပျိုးရာတွင်လဲ ဒေသခံတောင်သူတွေ အခက်အခဲမဖြစ်စေဖို့ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေက မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ သီးနှံများတွင် အစားအစာဘေးကင်း လုံခြုံစေရန်အတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP) နည်းစနစ်နဲ့အညီ စိုက်ပျိုးနိုင်ရေး၊ သဘာဝပိုးသတ်ဆေးနဲ့ သဘာဝမြေဩဇာများကို စနစ်တကျ ထုတ်လုပ်အသုံးပြုတတ်စေရေး စတဲ့ စိုက်ပျိုးရေးနည်းပညာများကို ကူညီဆောင်ရွက်ပေးထားပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေ ဆောင်းရာသီက အားထားစိုက်ပျိုးခဲ့တဲ့ စားဖိုဆောင်သီးနှံတွေဟာ အားလုံး သိမ်းဆည်းပြီးစီးသွားပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့က ကြက်သွန်နီ တစ်ဧက ၅၅၀၀ ပိဿာ ၊ ကြက်သွန်ဖြူ တစ်ဧက ၃၀၀၀ ပိဿာ ၊ ငရုတ်သီးနှံ တစ်ဧက ၇၅၀ ပိဿာ ၊ ဟင်းသီးဟင်းရွက် တစ်ဧက ပိဿာချိန် ၄၃၀၀ လောက် ထွက်ရှိပါတယ်။ ရောင်းချရာမှာလဲ ယခင်နှစ်ကထက် ဈေးကောင်းရရှိကြလို့ လုပ်ငန်းအဆင်ပြေကြပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စားဖိုဆောင်သီးနှံစုံများ စိုက်ပျိုးခြင်းကို လျာထားချက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် စားဖိုဆောင်သီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိသဖြင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )