ဖာပွန်မြို့၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများအား ခရိုင်နှင့်မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှုစစ်ဆေး

ဖာပွန်၊ နိုဝင်ဘာ ၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ဖာပွန်မြို့၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောဘူးသောနှင့်တာဝန်ရှိသူများက ယနေ့နံနက် (၁၀)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောဘူးသောနှင့်တာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အခက်အခဲမရှိ အဆင်ပြေချောမွေ့အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖာပွန်မြို့ရှိ မဲရုံ(၁၄)ရုံ၌ ​ရွေး​ကောက်ပွဲတာဝန်ထမ်း​ဆောင်မည့် ဝန်ထမ်းများနှင့်ဆန္ဒမဲ​ပေးသူများ အဆင်​​ပြေ​စေ​ရေး ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ထားရှိမှုအခြေအနေ၊ မဲရုံများတွင် ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ရေးအတွက် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်​ဆင်ဆောင်ရွက်ထားမှု ရှိ/မရှိ၊ မဲရုံပြင်ဆင်ရာတွင် အ​ထောက်အကူပြုပစ္စည်းများလုံ​လောက်မှု ရှိ/မရှိ ကြည့်ရှုစစ်​ဆေးခဲ့​ပြီး ​ရွေး​ကောက်ပွဲတာဝန်ထမ်း​ဆောင်မည့်ဝန်ထမ်းများနှင့်​တွေ့ဆုံ​ဆွေး​နွေး၍ လိုအပ်သည်များ မှာကြားခဲ့​ကြောင်း သိရသည်။

ဖာပွန်မြို့တွင် မဲ​ပေးပိုင်ခွင့်ရှိသည့်ရပ်ကွက်(၄)ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၅)အုပ်စုရှိပြီး မဲရုံပေါင်း (၁၄)ရုံတွင် ဆန္ဒမဲ​ပေးပိုင်ခွင့်ရှိသူဦး​ရေ (၇၇၈၉)ဦးရှိ​ကြောင်းမြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။


စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)