တရားဝင်အသင်းအဖွဲ့မှတ်ပုံတင်ရရှိရေးနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး ဧပြီ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုကော်မတီအဖွဲ့များ တရားဝင်အသင်းအဖွဲ့မှတ်ပုံတင်ရရှိရေးနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ယခင်ကတိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့ (၆၆) ဖွဲ့ရှိခဲ့ပြီး ယခု(၂၂)ဖွဲ့သာရှိတော့ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များအနက်မှ ကရင်စာပေနှင့် ယဥ်ကျေးမှုအဖွဲ့များသာ တရားဝင်အသင်းအဖွဲ့မှတ်ပုံတင်ရရှိရန်ကျန်နေကြောင်း၊ ကရင်စာပေနှင့် ယဥ်ကျေးမှုအသင်းအဖွဲ့တွေကို ခရိုင်အဆင့်အနေဖြင့် ဖွဲ့စည်းပြီး တရားဝင်မှတ်ပုံတင်ရရှိရေးဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ အသင်းအဖွဲ့များ ဖွဲ့စည်းသည့်အခါမှာလည်း သတ်မှတ်ထားတဲ့အချက်အလက်များအတိုင်း ဖွဲ့စည်းရန်လိုအပ်သလို လုပ်ငန်းစဥ်များကိုလည်း စနစ်တကျဆောင်ရွက်ရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီ၊ နတ်တလင်းစသည့် ခရိုင်()ခရိုင်မှ ကရင်၊ပအိုဝ်း၊ ရှမ်း၊ အရှိုချင်း ခရိုင်စာပေနှင့် ယဥ်ကျေးမှုကော်မတီအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုကော်မတီအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)