ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျခြင်း နှင့် လူနေအိမ်များ အမိုးလန်ပျက်စီး

ရေစကြို နိုဝင်ဘာ ၅

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၌ ယမန်နေ့ ညနေ၃ခွဲအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် မြေစွန်းတော်ကျေး ရွာအုပ်စု၊ မြေစွန်းတော်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရွှေလှံကျေးရွာနှင့် မြေဖြူ-မုံညှင်းကျေးရွာအုပ်စု၊ မြေဖြူကျေးရွာတို့တွင် သစ်ပင်များလဲကျခြင်းနှင့် လူနေအိမ်များ အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရေစကြို-မန္တလေးကားလမ်းမကြီးဘေး မြေဖြူကျေးရွာတွင် ထနောင်းပင်လဲကျ၍လမ်းပိတ်ခြင်း၊ မန်ကျည်းပင်လဲကျခြင်းတို့ဖြစ်ပွားခဲ့ရာ ရေစကြိုမြို့နယ်၊ မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးညီညီအောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ရာ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ပြီဖြစ်ကြောင်းသိရသည်။

မြေစွန်းတော်ကျေးရွာအုပ်စု၊ မြေစွန်းတော်ကျေးရွာတွင် သွပ်မိုး၊ ထရံကာ လူနေအိမ် ၆၈ လုံး၊ ရွာသစ်ကျေးရွာတွင် သွပ်မိုး၊ ထရံကာ လူနေအိမ် ၅၃ လုံး၊ ရွှေလှံကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် သွပ်မိုး၊ ထရံကာ လူနေအိမ် ၂၁ လုံး၊ မြေဖြူ-မုံညှင်းကျေးရွာအုပ်စု၊ မြေဖြူကျေးရွာတွင် သွပ်မိုး၊ ထရံကာ လူနေအိမ် ၇ လုံး အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်း လူနေအိမ် ၁၄၉ လုံး ပျက်စီးခဲ့ရာ အိမ်ထောင်စု ၁၄၉စု၊ လူဦးရေ ၅၈၇ ဦးတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်၌ ယာယီနေထိုင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားပြီး အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်ရှိကြောင်းနှင့် ကျန်ကျေးရွာများတွင်လည်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု ရှိ/ မရှိ ဆက်လက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နွယ်နွယ်အောင်( ပြန်/ဆက်)