မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနည်းပြ သင်တန်းဆင်းပွဲနှင့် တာဝန်ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မကွေး ဧပြီ ၄

၂ဝ၂၄ ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဆင်းပွဲနှင့် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ဦးစွာ အခြေခံစာတတ်မြောက်ရေး ရိုက်ကူးပုံဖော်ထားသည့် “ဝထကလသ” video click ကို ပြသခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ယခုသင်တန်းသည် မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် ဧပြီလ (၆) ရက်နေ့မှ စတင်၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းတွင် လုပ်အားပေးအဖြစ် ပါဝင်ဆောင်ရွက်ကြမည့် နည်းပြနှင့် ကြီးကြပ်တာဝန်ထမ်းဆောင်ကြမည့်သူများအား သင်ကြားနည်းစနစ်များကို နေပြည်တော်မှာ ဗဟိုအဆင့်နည်းပြသင်တန်း တက်ရောက်ခဲ့ကြသူများက ဆင့်ပွားပို့ချပေးမည့် နည်းပြဆရာဖြစ် သင်တန်းဆင်းပွဲနှင့် တာဝန်ပေးအပ်ပွဲ အခမ်း အနား ဖြစ်ပါကြောင်း၊ နည်းပြများအနေဖြင့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ရသည့် ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် ခံယူထားရှိရမည့် လုပ်ငန်းတာဝန်များအား အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ လူတိုင်းအတွက် ပညာရေး လုပ်ငန်းစဉ်များမှာ အားလုံးက ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွင်း စာမတက်သူဦးရေ လျော့ချနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက်ဆောင်ရွက်နိုင်ခြင်းဖြင့် လူနေမှုဘဝများ များစွာမြင့်မားနေပျော်စေမှာ ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်သင်ကြားရေး အနီးကပ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက သင်ကြားရေးဆိုင်ရာများနှင့် စာသင်ဝိုင်းကြီးကြပ် တာဝန်ခံ/ နည်းပြများ သိသင့်သည်များအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က နည်းပြများနှင့် စာသင်ဝိုင်းကြီးကြပ်တာဝန်ခံများအား တာဝန်ပေးစာအပ်နှင်းခြင်းနှင့် ထောက်ပံ့ငွေများ  ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

၂ဝ၂၄ ခုနှစ်၊ ကျေးလက်နေ ပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို မကွေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၃)ခုနှင့်၊ မြို့နယ်(၃)ခုရှိ စာသင်သား(၁၆၇၄)ဦးကို စာသင်ဝိုင်း(၁၁၉)ဝိုင်းဖွဲ့စည်းပြီး ဗဟိုအဆင့်နည်းပြ(၉)ဦး၊ နည်းပြ (၁၃၁)ဦး၊ ကြီးကြပ်(၃၁)ဦးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပြီး သွားရောက်သင်ကြားမည့်နည်းပြများနှင့် စာသင်ဝိုင်းကြီးကြပ်တာဝန်ခံများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် တာဝန်ကျရာနေရာ ဒေသများအရောက် မော်တော်ယာဉ်များဖြင့် ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ