ဖျာပုံ ဧပြီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အားကစားဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံအားကစားနည်း(၇)မျိုးသင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီလ ၃ ရက်နေ့ နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ပြည်သူ့အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဖျာပုံခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးနှင့် ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ခရိုင်ရွေးကောက်ပွဲ အရာရှိ၊ ဦးဇော်လင်းဦးတို့က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်၍ အားကစားနည်းများဖြစ်သော ဘောလုံး၊ တင်းနစ်၊ မြန်မာ့သိုင်း၊ ဘတ်စကတ်ဘော၊ ဗိုမီနမ်၊ ကြက်တောင်၊ အေရိုးဗစ်စသော အားကစားနည်း (၇) မျိုးဖွင့်လှစ်၍ သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ထပ်မံ ဖွင့်လှစ်မည့် သင်တန်းများတွင်လည်း တက်ရောက်စေလိုကြောင်း ပြောကြားကြသည်။
ထို့နောက် သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များ ထောက်ပံ့ပေးအပ်ပြီး မြန်မာ့သိုင်း၊ ဗိုမီနမ်နှင့် အေရိုးဗစ်သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြခဲ့ကြသည်။ အဆိုပါသင်တန်းတွင် ဖျာပုံမြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၅၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)