ခမောက်ကြီးမြို့တွင်ကြိုတင်မဲပေးမှုအခြေအနေနှင့် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ခမောက်ကြီး၊ နိုဝင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့ရှိ  မဲရုံအမှတ်(၁)နှင့် အမှတ်(၆)တွင် ကြိုတင်မဲပေးနေမှုအခြေအနေနှင့် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား  ကော့သောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်ကော်မရှင်အဖွဲ့သည် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ကြိုတင်မဲပေးသည့် နေရာများသို့  သွားရောက်ကြည့်ရှု  စစ်ဆေးကြပြီး ကြိုတင်မဲပေးနေမှုများ ၊ ပြင်ဆင်ထားရှိမှုများနှင့် လုံခြုံရေးအခြေအနေများအား ဆွေးနွေးမေးမြန်းပြီး လိုအပ်ချက်များအားလမ်းညွှန်မှာကြားပါသည်။

ထို့နောက်  မဲရုံအမှတ်(၁)နှင့် အမှတ်(၆)တွင် မဲရုံကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအားဆက်လက်ကြည့်ရှုရာ  မဲရုံစည်းမျဉ်း စည်းကမ်းများနှင့်  ညီညွတ်မှုရှိစေရန် ၊ social distancing နှင့်အညီ    ဆန္ဒမဲ ပေးနိုင်ရန် ၊မဲဆန္ဒရှင်များ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန် ၊ မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျလိုက်နာဆောင်ရွက်ကြရန်နှင့် မဲရုံပြင်ဆင်မှုအခြေအနေတွင် လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နန့်လေးလေး(ခမောက်ကြီး ပြန်/ဆက်)