ပခုက္ကူ နိုဝင်ဘာ ၅
ပခုက္ကူမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီသို့ သိန်းတစ်သောင်းဆု ပိုင်ရှင် ခိုင်ရွှေဝါမိသားစုမှ အလှူငွေပေးအပ်ပွဲကို ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင် အုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် ယနေ့ နံနက်၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ သိန်းတစ်သောင်းဆုပိုင်ရှင် ခိုင်ရွှေဝါ ထီဆိုင်ပိုင်ရှင် ဦးကျော်နိုင်က ပခုက္ကူခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်အံ့မောင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်တို့ထံ သို့ အလှူတော်ငွေ ကျပ်သိန်းတစ်ရာကိုလှူဒါန်းပေးအပ်သည်။ အလှူတော်ငွေကျပ်သိန်းတစ်ရာမှာ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။
ထို့နောက် ကိုဗစ်-၁၉ အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ကိုဗစ်-၁၉ ပထမလှိုင်း မှစတင်၍ ပခုက္ကူမြို့နယ်တွင် ကူညီဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ဒုတိယလှိုင်း ကာလတွင်လည်း ဆက်လက်ဆောင်ရွက်ပေးနေကြောင်း လှူဒါန်းခဲ့သော အလှူရှင်များနှင့် ယခုလှူဒါန်း ပေးသောသိန်းတစ်သောင်းဆုရှင် ခိုင်ရွှေဝါမိသားစုဝင်များအား ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ခိုင်ရွှေဝါမိသားစုအနေဖြင့် ပခုက္ကူမြို့ရှိ သာသနိကအဆောက်အဦများ၊ စာသင်တိုက်ကြီးများ၊ လူမူရေးအသင်းအဖွဲ့များ၊ သင်တန်းကျောင်းများ၊ ကျေးရွာများသို့ကျပ် သိန်းတစ်ထောင် လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိန်းတစ်သောင်းဆုပိုင်ရှင် ဦးကျော်နိုင်၏ ပြောကြားချက်အရ သိရသည်။
ကိုတမာ(ပြန်/ဆက်)