မယ်စဲ့ ဖေဖော်ဝါရီ ၂၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၁) နာရီက မယ်ဆည်နမ် ကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်က အဖွင့်အမှာစကား ပြောကြားပြီး ဘောလခဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်လွင်က ကျေးလက်နေ အမျိုးသမီးများ မိသားစုဝင်ငွေ တိုးပွားစေရန် အတွက် နိုင်ငံတော်မှ ငွေကြေးအကုန်အကျခံကာ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် တတ်မြောက်သည့် ပညာရပ်ကိုလည်း အကျိုးရှိစွာ အသုံးချစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင် က အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ မယ်ဆည်နမ်ကျေးရွာအုပ်စုမှ သင်တန်းသူ (၂၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ (၂၄) ရက်မှ မတ်လ(၂၃) ရက်အထိ တစ်လကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)