ဟုမ္မလင်းမြို့နယ်၌ အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိ

ဟုမ္မလင်း ဧပြီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် အသက် ၁ နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ဧပြီ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ဘီစီဂျီ၊  ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် စသည့်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးခြင်းနှင့် ကလေးကိုယ်အလေးချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ဧပြီလ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနတွင် လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)