ဒေးဒရဲ ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော်တည်တံ့ထွန်းကားပြန့်ပွားရေးအတွက် စာမေးပွဲမှတစ်ဆင့် သာသနာအာဇာနည်များ ပေါ်ထွန်းလာပြီး သာသနာအကျိုးသယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၄ ခုနှစ် နိုင်ငံတော်အစိုးရပါဠိပထမပြန်စာမေးပွဲကြီးအား ယမန်နေ့နေ့လယ်(၁၂)နာရီက စတင်၍ မင်္ဂလာကံကျောင်းတိုက်ရှိ သာဓုနယတန်ဆောင်းတော်ကြီးတွင် စတင်ဆင်ယင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကြီးအား မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၏ သြဝါဒခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းများ၊ လူမှုရေးအသင်းများပူးပေါင်း၍ စာမေးကြီးတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသည့် သံဃာတော်များ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် ဖြေဆိုပြီးစီးရေးဆောင်ရွက်လျက်ရှိကြောင်းသိရပြီး စာမေးပွဲကြီးအား ၂၀၂၄ ခုနှစ် ဧပြီလ(၃)ရက်မှစတင်၍ (၉)ရက်နေ့အထိ (၇)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ စာမေးပွဲကြီးပထမနေ့တွင် အခြေပြုမူလတန်းအနေဖြင့် ဝိနည်းကျင့်ဝတ်ဘာသာရပ်အား သံဃာတော်၊ (၃၉)ပါး ပထမငယ်တန်းအနေဖြင့် ဘိက္ခုပါတိမောက်ဘာသာရပ်အား သံဃာတော် (၁၇)ပါး၊ ပထမလတ်တန်းအနေဖြင့် ဒွေမာတိကာ ဘာသာရပ်အား သံဃာတော် (၁)ပါး စုစုပေါင်းသံဃာတော် (၅၇)ပါး ဖြေဆိုတော်မူလျက်ရှိကြောင်းသိရပြီး အလှူရှင်များက စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား အလှူငွေနှင့်အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အေဇာလင်း