ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး စက်ရေတွင်းတူးဖော်ပေး

ပခုက္ကူ  နိုဝင်ဘာ ၅

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အပူပိုင်းဇုန်ကျေး လက်ရေ ရရှိရေးစီမံကိန်း(JICA)ဖြင့် ပခုက္ကူမြို့နယ်၊ ကန်စောင့်ကျေးရွာရှိ ကျေးလက်နေပြည်သူများသန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ပေးလျက်ရှိကြောင်းသိရသည်။

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အပူပိုင်းဇုန်ကျေးလက် ရေရရှိရေး စီမံကိန်း(JICA)ဖြင့် ပခုက္ကူမြို့နယ်၊စဘေအုပ်စု၊ ကန်စောင့်ကျေးရွာတွင် အချင်းခြောက်လက်မ၊ အနက် ပေ၇၀၀ရှိသည့် စက်ရေ တွင်းအား ဦးစီးဌာန၏ စက်အမှတ်(DRD-010) ရေတွင်းတူးစက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြပြီး လုပ်ငန်းစံချိန် စံညွှန်းအရည်အသွေးများနှင့်ကိုက်ညီစွာဆောင်ရွက်ထားမှု ရှိ/မရှိ အခြေအနေတို့ကို နိုဝင်ဘာလ ၄ရက် နေ့လယ်၁၁နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးပြီး နည်းပညာဆိုင်ရာ လိုအပ် သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြကြောင်းသိရသည်။

အဆိုပါ စက်ရေးတွင်းတူးဖော်ခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးအောင်မြင်ပါက ကန်စောင့်ကျေးရွာနေ အိမ်ခြေ(၁၇၂)အိမ်ရှိ လူဦးရေ (၈၄၃)ဦးတို့အတွက် သန့်ရှင်းသောသောက်သုံးရေများ ဖူလုံစွာရရှိသုံးစွဲနိုင်မည်ဖြစ်ပြီး ဦးစီးဌာနအနေဖြင့်   ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချရေး လုပ်ငန်းများကို စီမံကိန်း၊ စီမံချက်များရေးဆွဲပြီး စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်ပေး သည့်အပြင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပြည်သူလူထုကို အသိပညာပေးခြင်း၊ နည်းပညာ အကူအညီ ထောက်ပံ့ခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးတင့်ဝေက ပြောသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)