ကန့်ဘလူမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ကန့်ဘလူ ဧပြီ

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၃ ရက်မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ပထမနေ့ (မူ-ဝိနည်းကျင့်ဝတ်၊ သုကုမာရမာရမဂ္ဂဒီပနီ၊ ငယ်- ဘိက္ခုပါတိမောက်/ဓမ္မပဒ၊ လတ်- ဒွေမာတိကာ/ဓမ္မပဒ၊ ကြီး- ဒွေမာတိကာ/ ဓမ္မပဒ) ဘာသာရပ်များကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းတွင် ၁၅ ပါး၊ ပထမလတ်တန်း ၁၂ ပါး၊ ပထမငယ်တန်း ၂၉ ပါးနှင့် အခြေပြုမူလတန်း ၂၈ ပါး သံဃာ သီလရှင် စုစုပေါင်း ၈၄ ပါးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

ပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၉ ရက်အထိ ကျင်းပမည်ဖြစ်ရာ စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို အလှည့်ကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)