ပခုက္ကူမြို့နယ်၊ အရာတော်ကျေးရွာတွင် မီးလောင်မှုကြောင့် လူနေအိမ်ငါးလုံး၊ ဈေးဆိုင်တဲသုံးလုံးနှင့် ဆိုင်ကယ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့

ပခုက္ကူ ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အရာတော်ကျေးရွာတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီ ၅၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်ငါးလုံး၊ ဈေးဆိုင်တဲသုံးလုံးနှင့် ဆိုင်ကယ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါ်ရီဝင်းသည် ၎င်း၏ဆိုင်ကယ်ပေါ်တွင် ရေနံဆီတင်ဆောင်မောင်းနှင်လာစဉ် ဆိုင်ကယ်အိတ်ဇောနှင့် ရေနံဆီပုံးတို့ပွတ်တိုက်မိ၍ မီးစတင်လောင်ကျွမ်းပြီး ဆိုင်ကယ်တိမ်မှောက်ခဲ့ရာမှတဆင့်အနီးရှိ ဝါးကပ်မိုးထရံကာဈေးဆိုင်တဲတစ်လုံးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ထိုမီးကူးစက်လောင်ကျွမ်းမှုကြောင့် စုစုပေါင်းလူနေအိမ်ငါးလုံး၊ ဈေးဆိုင်တဲသုံးလုံးနှင့် ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်နေမှုအား အရာတော်နယ်မြေခံမီးသတ်စခန်းမှ တပ်ကြပ်ကြီး စိုးဌေးဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်၍ ဒေသခံပြည်သူများနှင့် ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ဒေါ်ရီဝင်းအား ပခုက္ကူမြို့မရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)