နတ်မောက် ဧပြီ ၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သင်းသင်းဝေ ဒုတိယဦးစီးမှူးက လူငယ်ရေးရာဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလနှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် လေ့လာသင်ယူစေချင်ပါကြောင်း လူငယ်များအနေဖြင့် အသိဉာဏ်ပညာတိုးပွားစေမည့် စာအုပ်စာပေ၊ လောကဗဟုသုတများကို လေ့လာသင်ယူကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် Youth Club အဖွဲ့ဝင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအသိပညာဗဟုသုတတိုးပွားလာစေရေး၊ လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံလာစေရေး၊ အဖွဲ့အစည်းများဖြင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ၊ အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေးအတွက် လူငယ်စကားဝိုင်းများ၊ လူငယ်အသိပညာပေးဟောပြောပွဲများနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို လစဉ်ပြုလုပ်ပေးလျက်ရှိသည်။
မူမူစန်း