ဓနုဖြူမြို့နယ်တွင် ၂၀၂၄ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲစတင် ကျင်းပ

ဓနုဖြူ    ဧပြီ     ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၄ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့ ဧပြီလ ၃ ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်မှစတင်၍ အမှတ်(၄)ရပ်ကွက်ရှိ ''ငြိမ်း" လှိုင်ထိပ်ထားသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။    

၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်(ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲတွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၂၆၅)ပါး စာရင်းပေးသွင်းထားသည့်အနက် ပထမကြီးတန်းတွင်(၃၃)ပါး၊ ပထမလတ် တန်းတွင်(၂၅)ပါး၊ ပထမငယ်တန်းတွင်(၇၃)ပါး၊ အခြေပြုမူလတန်းတွင် (၁၁၂)ပါး စုစုပေါင်း(၂၄၃)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ စုစုပေါင်း(၂၂)ပါး ဖြေဆိုရန်ပျက်ကွက် ကြောင်းသိရသည်။    

စာမေးပွဲဖြေဆိုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများက လိုအပ်သည်များဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ပြီး၊ စာမေးပွဲကာလ နေ့ရက်များအလိုက် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့၊ ဆရာတော်ကြီးများနှင့် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် အချိုရည်များကို စေတနာရှင် အလှူရှင်များကလည်းကောင်း၊ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် စာမေးပွဲကျင်းပရေးကော်မတီမှ ဆွမ်းစရိတ်အဖြစ် တစ်ပါးလျှင် ငွေကျပ် ၂၀၀၀နှုန်းဖြင့်လည်းကောင်း ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစာမေးပွဲကို ဧပြီလ(၃)ရက် နေ့မှ ဧပြီလ(၉)ရက်နေ့အထိ (၇)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)