မကွေး နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအောက်ရှိ ကျေးရွာများ လျှပ်စစ် မီးရရှိရေးအတွက် ဆောက်ရွက်လျက်ရှိရာ ထုံးပေါက်တောအုပ်စု ထုံးပေါက်တော(တောင်ရွာ၊မြောက် ရွာ)တို့တွင် အမျိုးသားဓာတ်အားရရှိရေး စီမံကိန်း (NEP)နှင့် ကျေးရွာလျှပ်စစ်မီးရရှိရေး ကျေးရွာ မီးလင်းရေးကော်မတီတို့ ပူးပေါင်းကာ နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။
ကျေးရွာမီးရရှိရေး(၂)မိုင်အကွာအဝေးမှာရှိတဲ့ ရွာတွေကိုတော့ ပထမအဆင့်ထားရှိပြီး၊ ၅ မိုင် အကွာအဝေးနဲ့ အထက်ကိုတော့ ဒုတိယအဆင့် ဆိုပြီး နှစ်ပိုင်းခွဲထားတာဖြစ်ပါတယ်၊ အခုအခါ ထုံးပေါက်တောအုပ်စု၊ ထုံးပေါက်တော(တောင်ရွာ၊မြောက်ရွာ)မှာ ပထမအဆင့်လုပ်ငန်းများပြီးမြောက် ခဲ့လို့ လျှပ်စစ်မီးရရှိနေပြီ ဖြစ်ပါတယ်၊ထုံးပေါက်တောအုပ်စုမှာ(၂၀၀)KV ထရန်စဖော်မာ(၂)လုံးကို တောင်ရွာမှာ(၁)လုံး မြောက်ရွာမှာ(၁)လုံး တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်၊ ကျေးရွာများ လျှပ်မီးရရှိရေး လုပ်ငန်းများဆောင်ရွက်ရာမှာ မီးတိုင်စိုက်ထူမယ့် လမ်းဧရိယာများ၊ လယ်ပိုင်ရှင်များ၊ယာပိုင်ရှင်များနဲ့ ညှိယူရာမှာ အခက်အခဲအနည်းငယ်တော့ ကြုံတွေ့ရပါတယ်၊ ကျေးရွာက နေအိမ်တွေ အိမ်သုံးမီတာ လျှောက်ထား တပ်ဆင်ခြင်းတွေကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ဟု မကွေး မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးဌေးအောင်က ပြောကြားခဲ့သည်။
ထုံးပေါက်တောကျေးရွာအုပ်စုတွင် အိမ်ထောင်စုဦးရေ ( ၄၃၀ )ကျော်ရှိပြီး ကျေးရွာလျှပ်စစ်မီး ရရှိခဲ့လို့ ဒေသခံပြည်သူများ အနေနဲ့ လူမှုစီးပွားဘဝ မြှင့်မားလာမှာဖြစ်ပြီး၊ ပညာရေး ၊အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိမှာ ဖြစ်သလို နေထိုင် ချက်ပြုတ်စားသောက်ရာမှာလည်း ထင်းအစား လျှပ်စစ်မီးနဲ့ ချက်ပြုတ်နိုင်တော့မှာပါ၊ ထုံးပေါက်တောကျေးရွာ တောင်ရွာနဲ့ မြောက်ရွာ ကျေးရွာ မီးလင်းရေးကို ၂၀၁၄ ခုနှစ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာပါ၊ ယခုအခါ လျှပ်စစ်မီး ရရှိခဲ့ပြီ ဖြစ်ပါတယ်ဟု ကျေးရွာမီးလင်းရေး ကော်မတီဝင် တစ်ဦးကပြောသည်။
အမျိုးသားဓာတ်အားရရှိရေးစီမံကိန်း(NEP)ကို ၂၀၁၅ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ၂၀၃၀ ခုနှစ် အတွင်း တစ်နိုင်ငံလုံးရှိ ကျေးရွာများ ဓာတ်အားရရှိရေး စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး မကွေးမြို့နယ်တွင် ပထမအဆင့်အနေဖြင့် ကျေးရွာပေါင်း(၄၀)အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ယခုအခါ မြို့နယ်အတွင်း ကျေးရွာပေါင်း(၂၇)ရွာမှာ မီးလင်းနိုင်ပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးဌေးအောင်ထံက သိရသည်။
သန်းနိုင်ဦး(ငဖဲ)