ဘိုကလေးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို

ဘိုကလေး ဧပြီ ၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော ပါဠိပထမပြန် စာမေးပွဲတော်ကြီးအား ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့လယ် ကျက်သရေဆောင် ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ယနေ့ မွန်းတည့် (၁၂)နာရီအချိန်မှ စတင်ကျင်းပသည်။

အဆိုပါ စာမေးပွဲတော်ကြီးအား ယနေ့ ဧပြီ(၃)ရက်မှ (၉)ရက်နေ့အထိ (၇)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ ဘိုကလေးမြို့နယ်အတွင်းမှ ရဟန်း၊ သာမဏေ၊ သီလရှင် ပထမကြီးတန်း (၈)ပါး၊ ပထမလတ်တန်း(၅)ပါး၊ ပထမငယ်တန်း(၂၇)ပါး၊ အခြေပြုမူလတန်း(၅၀)ပါး၊ စုစုပေါင်း အပါး (၉၀) ဝင်ရောက်ဖြေဆိုကြပြီး ယနေ့စာမေးပွဲပထမနေ့တွင် အခြေပြုမူလတန်းအနေဖြင့် ဝိနည်းကျင့်ဝတ်ဘာသာ၊ ပထမငယ်တန်းအနေဖြင့် ဘိက္ခုပါတိမောက်ဘာသာ၊ ပထမလတ်တန်းနှင့် ပထမကြီးတန်း အနေဖြင့် ဒွေမာတိကာ ဘာသာများဖြေဆိုကြရကြောင်းနှင့်  ယနေ့စာမေးပွဲ ပထမနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေအရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

မိုးစက်(ဘိုကလေး)