စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ထပ်မံရှင်းလင်းဆွေးနွေးပွဲကျင်းပ

မုံရွာ ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး Banquet Room ၌ ဧပြီလ ၂ ရက်နေ့၊ နံနက် ၉နာရီခွဲအချိန်က ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုအား ပြည်သူ့စစ်မှုထမ်းဥပဒေ ထပ်မံရှင်းလင်း‌ဆွေးနွေးပွဲကို ကျင်းပခဲ့‌ကြောင်းသိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သူရကတိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းပေးမည့် စစ်ကျောင်းကြီးများသို့ (၂၉-၃-၂၀၂၄) ရက်နေ့မှစ၍ အပတ်စဉ် (၁) သင်တန်းတက်ရောက်မည့် လူငယ်/လူလတ်ပိုင်းများ ပျော်ရွှင်စွာဖြင့် ရောက်ရှိလာမှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူး များ၊သက်ဆိုင်ရာတပ်ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက အလံကိုင်တပ်ဖွဲ့၊ စစ်တီးဝိုင်း၊ ဘင်ခရာ အဖွဲ့များ၊ အတီး အမှုတ်အကအခုန်များဖြင့် နွေးထွေးစွာကြိုဆိုကြပြီး တစ်ဦးချင်းဆီသို့ ထောက်ပံ့ ပစ္စည်းများပေးအပ်ခြင်း၊နေ့လည်စာအတူသုံးဆောင်ခြင်း၊အသုံးပြုမည့် စစ်ဝတ်ပစ္စည်းများ ထုတ်ပေး ခြင်း၊ ကျန်းမာရေး ဆေးစစ်နေမှု ၊ အဖွဲ့လိုက်အားကစားလှုပ်ရှားမှုများကို Telegram Channel များတွင် ဓာတ်ပုံမှတ်တမ်း၊ ဗီဒီယိုများဖြင့် ဝေဝေဆာဆာဖော်ပြနေသည်ကို တွေ့ရှိရသဖြင့် ဝန်ထမ်းနှင့် မိသားစုများအနေဖြင့် သင်တန်းတက်မည့်သူများ၏ လှုပ်ရှားမှုပုံရိပ်များကို အချိန်နှင့်တစ်ပြေးညီ သိရှိတွေ့မြင်လိုပါက Kyaw Swar၊ မှိုင်းဝေ၊ ဘညွှန့်၊နှင်းမောင်နှင့် ပြည်သူ့စစ်မှုထမ်းChannel စသည့် Telegram Channel များသို့ ချိတ်ဆက်ကြည့်ရှုစေလိုကြောင်း ၊တိုင်းဒေသကြီး/ပြည်နယ်/ မြို့နယ်များတွင် မိမိတို့သဘောဆန္ဒအလျောက် စစ်မှုထမ်းရန် ဝင်ရောက်လာသူများ၊ မိဘ အုပ်ထိန်းသူများ ကိုယ်တိုင်ကပါ လာရောက်အပ်နှံမှုများ များပြားလာမှုတို့အပေါ် မနာလိုမရှုစိမ့်သည့် ဆန့်ကျင်ဖက်အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများမှ စစ်မှုထမ်းဥပဒေအပေါ် ပြည်သူများထင်ရောင်ထင်မှားဖြစ်စေရန်အတွက် စစ်မှုမထမ်းဆောင်လိုပါက ငွေကြေးရယူပြီး မပါအောင် ပြုလုပ်ပေးခြင်း၊ လူစားထိုးခြင်းအပါအဝင် မဟုတ်မမှန်စကားများ၊ သတင်းတု၊သတင်းမှားများ လုပ်ကြံဖန်တီခြင်း သွေးထိုးလှုံ့ဆော်ဝါဒဖြန့်နေခြင်းများကို အချိန်ကိုက် ထုတ်လွှင့်နေခြင်းအပေါ်နားမယောင်၊ မယုံမိကြစေရန်လိုကြောင်း၊ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း၊မိမိတို့ဝန်ထမ်းမိသားစုများ၊ဆွေမျိုးသားချင်းများနှင့် ခင်မင်ရင်းနှီးသူများ၏ သား/သမီးများ စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သူများရှိနေပါကလည်း တိမ်းရှောင်နေစရာမလိုဘဲ နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံသားတစ်ယောက် ထမ်းဆောင်ရမည့်တာဝန်ကို သတ်မှတ်ပေးသည့် ကာလအတိုင်း ကျေပွန်စွာ ထမ်းဆောင်သွားကြမှသာလျှင် မိမိနှင့် မိဘ ဆွေမျိုးသားချင်း ညီအကိုမောင်နှမ ပတ်ဝန်းကျင်တို့အလယ်တွင် ဂုဏ်သိက္ခာရှိနေမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံသားတစ်ယောက်၏ တာဝန်ကျေပွန်မည်ဖြစ်ကြောင်း ထိုသို့မဟုတ်ဘဲ တိမ်းရှောင်မည် ဆိုပါက ပြစ်မှုမြောက်သွားမည့်အပြင် မိသားစုနှင့်ပတ်ဝန်းကျင်တွင် နိုင်ငံသားတာဝန်မကျေပွန်မှုအတွက် အရှက်ရစရာဖြစ်နေမည်ဖြစ်ကြောင်း၊ ထို့အပြင် အခြားမြို့နယ်များမှ သူများနှင့်ရောနှော သင်တန်းတက်ရောက်ရမည်ဖြစ်သောကြောင့် မိတ်သင်္ဂဟများတိုးပွားလာပြီး အတွေ့အကြုံ ဗဟုသုတအကြားအမြင်များ ဆွေးနွေးဖလှယ်ခြင်းဖြင့် အတွေးအခေါ်အယူအဆများ မြင့်မားလာမည် ဖြစ်ကြောင်း၊ သင်တန်းဆင်းပြီးပါက မိမိရပ်ရွာဒေသ လုံခြုံရေးအတွက် မိမိတို့ မြို့နယ်များတွင် ပြန်လည်တာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး စစ်သားတစ်ဦး ဖြစ်လာချိန်မှစ၍ တာဝန်ထမ်းဆောင်နေစဉ်ကာလအထိ မိမိနှင့်မိမိဇနီး၊ သား/သမီး၊ မိဘများ လုံခြုံရေး၊ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေး အာမခံချက်များအပါအဝင် ရေရှည်ဘဝအာမခံချက်များရှိလာမည် ဖြစ်ကြောင်းနှင့် မိမိတို့၏ဆွေမျိုးသားချင်း မိတ်သင်္ဂဟများကိုလည်း ယခုကိစ္စများအား မျှဝေ ပေးကြလိုကြောင်း၊ မရှင်းလင်းသည်များနှင့် သိရှိလိုသည်များရှိပါက မေးမြန်းကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သူရက ပြန်လည် ဆွေးနွေးဖြေကြားခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးမှအရာထမ်း/အမှုထမ်းဝန်ထမ်း (၃၆) ဦးနှင့် ဝန်ထမ်းမိသားစု (၄) ဦး စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြင့်သိန်းစိုး (ပြန်/ဆက်)