သံတောင်ကြီးဒေသထွက် ပျားရည်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

သံတောင်ကြီး    ဧပြီ   ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသမှထွက်ရှိသည် သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချခြင်းတို့အတွက် ယခုအချိန်တွင် သံတောင်ကြီးဒေသထွက် ပျားရည်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်အတွင်းရှိ သဘာဝပျားရည်များကို တောတောင်ထူထပ်သည့်နေရာများမှ အမြင့်ပေ ၈၀ မှ ၁၀၀ ခန့်ရှိသစ်ပင်ကြီးများတွင် စွဲနေသည့်ပျားအုံများကိုတွေ့ရှိရပြီး ၎င်းပျားအုံများကို နွေအကုန် မိုးအကူးအချိန်၌ ပျားဖွတ်ခြင်း လုပ်ငန်းလုပ်ကိုင်သူများက သစ်ပင်ကြီးရှိပျားစွဲသည့်နေရာများသို့ သွားရောက်ကာ ပျားဖွတ်လေ့ရှိသည်။

အဆိုပါသံတောင်ကြီးဒေသထွက် ပျားရည်များသည် သဘာဝပျားရည်စစ်စစ်ဖြစ်ပြီးဆေးဖက်ဝင် သည့်အတွက်   တောင်ငူမြို့/ရန်ကုန်မြို့နှင့်မြန်မာနိုင်ငံအနှံသာမက   နိုင်ငံရပ်ခြားသို့ပါ တင်ပို့ရောင်းချရခြင်းကြောင့် ယခုအချိန်တွင်ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိကာ တစ်ပုလင်းလျှင်ကျပ် (၁၀,၀၀၀)မှ ကျပ် (၁၂,၀၀၀) ထိရရှိကြောင်း ပျားရည်ရောင်းဝယ် သိုလှောင်ထားသူဒေသခံတစ်ဦးဖြစ်သည့် ဒေါ်ရှားရိုဖောထံကသိရသည်။

နော်နော်မူ