ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကန်ကြီးထောင့်     ဧပြီ     ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းကို မတ်လ ၅ ရက်နေ့က မြို့နယ်အားကစားခန်းမနှင့်အားကစားကွင်းတွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်အားကစားခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်းစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်လွင်က သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဂျူဒိုကီဝတ်စုံများအား လှူဒါန်းပေးအပ်ခဲ့သည်။ ထို့နောက် နွေရာသီ အခြေခံအားကစားသင်တန်း (ဂျူဒို၊ ကြက်တောင်၊ ပြေးခုံပစ်၊ Fitness Dance၊ အေရိုးဗစ်)တို့တွင်  ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍  နွေရာသီအခြေခံအားကစားသင်တန်းသို့ တက်ရောက်ခဲ့ကြသော မျိုးဆက်သစ် ကလေးငယ်များက အေရိုးဗစ်နှင့် ဂျူဒိုများအား သရုပ်ပြခဲ့ကြရာ တာဝန်ရှိသူများကကြည့်ရှုအား ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများအား ရိုက်ကူးခဲ့ကြသည်။ အဆိုပါ နွေရာသီအခြေခံ အားကစားသင်တန်းအား ကန်ကြီးထောင့်မြို့နယ်တွင် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်၊ မြို့နယ်/ခရိုင်/တိုင်းဒေသကြီး ကိုယ်စားပြုအားကစားသမားများမှတစ်ဆင့် နိုင်ငံလက်ရွှေးစင် အားကစားသမားများ ဖြစ်လာနိုင်စေရန်နှင့် နိုင်ငံတော်၏ အားကစားကဏ္ဍမြင့်တင်ခြင်း လုပ်ငန်းများ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်၊ ကျန်းမာကြံခိုင်ပြီး လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)