ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စုတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

ငရုတ်ကောင်း   ဧပြီ    ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စုတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ပြည်သူများ အကျယ်တဝင့် သိရှိနိုင်စေရန် အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀  နာရီက နံ့သာပုကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင်ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် ငရုတ်ကောင်းမြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာများနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ် အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရမည့်သူများ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့် အခွင့်အရေးများ၊ စစ်မှုထမ်း ဆောင်ခြင်းကို ရှောင်လွှဲပါက ကျခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များစသည်တို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်သူများက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာမြို့အုပ်ချုပ်ရေးမှူးဦးဝေယံဦးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ငရုတ်ကောင်း(ပြန်/ဆက်)