ထားဝယ် ဧပြီ ၃
၂၀၂၄ ခုနှစ်၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး စာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပညာရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည့် တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း စတင်ဆောင်ရွက်ဖို့အတွက် တိုင်းဒေသကြီးအဆင့်လုပ်ငန်း ကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ဒုတိယအကြိမ်တွေ့ဆုံ သည့်အခမ်းအနားဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင်စာမတတ်သူ (၃၅၇၅၇)ဦးအနက် (၃၆၀၀) ဦးကို စာတတ်မြောက်အောင် သင်ကြားပေးရန် လျာထားပြီး စာသင်ဝိုင်း(၂၄ဝ)၊ နည်းပြ(၂၄၀)ဦးနှင့် ကြီးကြပ်(၂၄)ဦးတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ မြိတ်၊ ကျွန်းစု၊ တနင်္သာရီစသည့်(၆)မြို့နယ်အပြင် တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ဘုတ်ပြင်း၊ ကော့သောင်း(၂)မြို့နယ်၌ တိုးချဲ့ပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မြို့နယ်(၈) မြို့နယ်မှစာသင်သားများကို ဆင့်ပွားသင်ကြားနိုင်ရန် နေပြည်တော်တွင် ဖွင့်လှစ်သည့် ဗဟိုအဆင့်နည်းပြသင်တန်းကိုထားဝယ် ခရိုင်(၄)ဦး၊ မြိတ်ခရိုင်(၅)ဦး စုစုပေါင်း (၉)ဦး (၂၆-၃-၂၀၂၄) ရက်မှ(၂၈-၃-၂၀၂၄)ရက်နေ့ထိ တက်ရောက်ခဲ့ကြပြီး ယခုလဧပြီ(၁)ရက်မှ (၃) ရက်ထိ (၃)ရက်တိုင် သင်တန်းသား (၂၆၄)ဦးကို တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်း ပို့ချပေးနေပြီးဖြစ်ကြောင်း၊ ဆင့်ပွားသင်တန်းဆင်း သင်တန်းသား (၂၆၄)ဦးက နည်းပြများအဖြစ် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရှိ စာသင်ဝိုင်းများတွင် ဧပြီလ(၆)ရက်မှ မေလ (၁၅)ရက်ထိ ရက်ပေါင်း(၄၀) ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်းတွင် စာသင်သား (နည်းပြ၊ ကြီးကြပ်များ အဆင်ပြေချောမွေ့စွာ သင်ကြားသင်ယူနိုင်အောင် တာဝန်ရှိသူများဖြစ်ကြသော တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက ခရိုင်/မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် အခြေခံစာတတ်မြောက်လုပ်ငန်းနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်သော အကြံဉာဏ်များဝိုင်းဝန်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီတွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးဦးဝင်းနောင်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များအားရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက လိုအပ်သည်များကို အကြံပြုဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)