မြောင်းမြ ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ရွှေသာလျောင်းဘုရားဝန်းအတွင်းရှိ မြို့ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီးတွင် စူဠဘွဲ့နှင်းသဘင် မင်္ဂလာအခမ်းအနားကို ယနေ့ နေ့လယ် (၂:၀၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍စတင်ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓဇောတိကဓဇ၊ ဇေယျမေဒနီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဆန္ဒဝရ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ပြီး ပရိတ်တရားတော်များနားယူကြည်ညိုခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် ဘွဲ့ရဆရာတော် (၄) ပါး၊ ဘွဲ့ရသီလရှင် (၂) ပါး၊ စာအောင်သံဃာတော်များအား ဘွဲ့လက်မှတ်/အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိန္တ၊ အလယ်တောရကျောင်းတိုက် ဆရာတော်ဘဒ္ဒပညာသီဟ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနားကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခဲ့ပြီး "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား အခမ်းအနားအားအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားများအပြီးတွင် ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ခဲ့သည်။ အခမ်းအနားသို့ မြောင်းမြမြို့နယ်မှ ဆရာတော်သံဃာတော်ကြီးများ၊ မြောင်းမြ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)