ဒေးဒရဲ ဧပြီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းရာသီအတွက် မြို့နယ်အတွင်းရှိ ဂရန်အင်းများနှင့် ပိုက်ချက်များအား (ပထမအကြိမ်) လေလံတင်ရောင်းချပွဲ အခမ်းအနားအား ယနေ့နံနက်(၁၀)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလေလံတင်ရောင်းချပွဲ အခမ်းအနားတွင် ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးလွင်က ဖျာပုံခရိုင်အတွင်းရှိ အင်း၊ တင်ဒါပိုက်ချက်များ လေလံတင်ရောင်းချခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းဟန်က အင်း၊ တင်ဒါပိုက်ချက်များ လေလံတင်ရောင်းချခြင်းနှင့် လေလံစည်းကမ်းချက်များကို ရှင်းလင်းဖတ်ကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ ဂရန်အင်းများအား လေလံစနစ်ဖြင့်လည်းကောင်း၊ ပိုက်ချက်များအား တင်ဒါစနစ်လည်းကောင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေသယံဇာတထိန်းသိမ်းနိုင်ရေး၊ ငါးသယံဇာတ ပေါကြွယ်ဝစေရေးရည်ရွယ်၍ စည်းကမ်းချက်များသတ်မှတ်ကာ မြို့နယ်အတွင်းရှိ ဂရန်အင်း (၃၀)အင်းနှင့် ပိုက်ချက် (၅၈)ချက်အား လေလံတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း