ရေကြည်မြို့နယ်တွင်နွေရာသီအားကစား သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ရေကြည် ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားရုံ၌ မတ်လ(၅)ရက်နေ့မှ ဧပြီလ(၃)ရက်‌နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်‌အေးက နွေရာသီကျောင်းပိတ်ရက်များ၌ လူငယ်များအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ အားကစားဆောင်ရွက်ခြင်းဖြင့် လူငယ်များ၏ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတော်မှအားထားရသည့် မျိုးဆက်သစ်အားကစားမောင်မယ်များ ပေါ်ထွက်လာစေရေးကို အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ယခုကဲ့သို့နွေရာသီသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကရာတေးဒိုအဖွဲ့နှင့် အေရိုးဗစ်(Fitness Dance) ဘတ်စကစ်ဘော အဖွဲ့များက  သရုပ်ပြဖျော်ဖြေတင်ဆက်ကြပြီး ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ နည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့‌ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)