သဲကုန်း ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယမန်နေ့က ထန်းရင်းရပ်ကွက်၊ ရွှေတောင်ကုန်းဓမ္မာရုံတွင် အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါတောင်သူအသိပညာပေးဆွေးနွေးပွဲတွင် သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံကတောင်သူများနှင့် တွေ့ဆုံ၍ တောင်သူအသိပညာပေးဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သဲကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ၊ နွေစပါးအထွက်တိုးရေးနည်းစနစ်များ၊ စပါးသီးနှံတွင်ကျရောက်တတ်သော ဖျက်ပိုးရောဂါများ၏ လက္ခဏာအကြောင်းအရာများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများ စတင်စိုက်ပျိုးရန် မြေပြင်ခြင်းလုပ်ငန်းများမှစ၍ သီးနှံများအောင်မြင်သည်အထိ ရေများပေးဝေနိုင်ရေး ရေပေးဝေရေးမြောင်းများအား အလှည့်ကျစနစ်ဖြင့် ရေများပေးဝေသွားမည်ဖြစ်ကြောင်းနှင့် ရေများလေလွင့်ဆုံးရှုံးမှုနည်းပါးစေရေး မြောင်းများအလိုက် ရေပေဝေရေးအဖွဲ့များဖြင့် စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မီးသတ်ဦးစီးဌာနမှူးရုံးမှ ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မီးဘေးအန္တာရာယ် အထူးဂရုပြုကျရန်၊ မီးဘေးပေါ့ဆမှုမရှိစေရန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပူလွန်ကဲခြင်းကြောင့် နောက်ဆက်တွဲခံစားရမည့် ကျန်းမာရေးဆိုင်ရာပြဿနာများ၊ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသည့် ဒေသခံတောင်သူများက သိရှိလိုသည့် အကြောင်းအရာများကို သက်ဆိုင်ရာအကြီးအကဲများဖြင့် အပြန်အလှန်မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)