စလင်း ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုဝန်ကြီး ဦးမြင့်စိုးနှင့် သက်ဆိုင်ရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်း/ခရိုင် ဌာနဆိုင်ရာအကြီးအကဲများပါဝင်သော အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက် (၁၀)နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အတွင်းရှိ ဝါအထွက်တိုးရေး စိုက်ပျိုးထုတ်လုပ်မည့်တောင်သူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဒုတိယဝန်ကြီးမှ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန (၄)ခုတို့မှ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် ဒေသနှင့်ကိုက်ညီသည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ အရည်အသွေးကောင်းမွန်စေရေး၊ ဒေသခံတောင်သူများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည့် အစီအစဥ်များအား ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်ပျိုးထားရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
အခမ်းအနားတွင် ဝါစိုက်ပျိုးဆောင်ရွက်မည့် တောင်သူများ၏ကိုယ်စား မကျီးဖျားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ကောင်းမွန်စေရေးအတွက် မြေအနေအထားအပေါ်မူတည်ပြီး ရေရရှိရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ နည်းပညာပြန့်ပွားရေး သွင်းအားစုလုံလောက်စွာရရှိရေးအတွက် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပံပိုးပေးရန်တင်ပြချက်အပေါ် ပြည်ထောင်စုဒုဝန်ကြီးမှ သက်ဆိုင်ရာဦးစီးဌာနများမှ ကွင်းဆင်းစီစစ်၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ ဝါစိုက်ပျိုးထုတ်လုပ်မည့်တောင်သူများ လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၇၀)ဦးခန့် တက်ရောက်ကြကာ ပြည်ထောင်စုဒုဝန်ကြီးနှင့် ဌာနဆိုင်ရာများမှ ခင်းကျင်းပြသထားသည့် စလင်းမြို့ ဝက်သည်းကန်မှထွက်ရှိသည့် ကြာပင်မှ ကြာခြည်ဖြင့် ထုတ်လုပ်မှုအဆင့်ဆင့်အား ကြည့်ရှုအားပေးခြင်း၊ ဝါမျိုးစုံစိုက်ပျိုးမည့် မျိုးစေ့နမူနာများအား ကြည့်ရှုခြင်းနှင့် ဝါခြည်ထည်များစျေးကွက်ဝင်ရောင်းချနိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)