ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံဧက တစ်သောင်းကျော် စိုက်ပျိုးပြီးစီးသွားပြီဖြစ်

ပွင့်ဖြူ ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါးသီးနှံ ဧက ၁၀၅၁၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါးဧက ၃၁၂၈၇ ဧက စိုက်ပျိုးရန် လျာထားပြီး ဖေဖော်ဝါရီလမှ စတင်၍ စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၀၅၁၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

" ပွင့်ဖြူမြို့နယ်မှာ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီအတွက် နွေစပါးသီးနှံ ၃၁၂၈၇ ဧက စိုက်ပျိုးသွားဖို့ လျာထားပါတယ်။ ဒီနေ့အထိ ဧက ၁၀၅၁၅ ဧက စိုက်ပျိုးပြီးစီးနေပြီ ဖြစ်ပါတယ်။ နွေစပါးသီးနှံ လျာထားချက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် လိုအပ်တဲ့ စိုက်ပျိုးနည်းပညာတွေနဲ့ မျိုးကောင်းမျိုးသန့်ရရှိစေဖို့ တောင်သူတွေကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေပါတယ်။ စပါးစိုက်ပျိုးရာမှာ အဓိက သီးနှံအထွက်နှုန်းကို တစ်ဧက ပန်းတိုင်အထွက်နှုန်းများရရှိအောင် ဆောင်ရွက်နေပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ တောင်သူတွေကို စိုက်နည်းစနစ်များ မှန်ကန်အောင် စိုက်ပျိုးကြဖို့ တွန်းအားပေးဆောင်ရွက်သလို အထွက်နှုန်းကောင်းတဲ့ ဆာဖိုးသာစပါးမျိုးစေ့များကိုလဲ ထောက်ပံ့ကူညီ ပေးထားပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါးသီးနှံ စိုက်ပျိုးစွမ်းအားတိုးတက် မြင့်မားစေရန်၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် ဆက်စပ်ဌာနများက နွေသီးနှံစိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေး လုပ်ငန်းများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားစေရေး အတွက် စိုက်နည်းစနစ်မှန်ကန်ရေး ၊ မျိုးကောင်းမျိုးသန့် ရရှိရေး ၊ မြေဆီလွှာကောင်းမွန်စေရန် သဘာဝမြေဆွေး၊ မြေဩဇာနှင့် သဘာဝပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ကိုယ်တိုင်ပြုလုပ်သုံးစွဲနည်းစနစ်များကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာတွင် နွေစပါး ၃၁၂၈၇ ဧက ၊ တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာတွင် နွေနှမ်း ၃၇၃၄၈ ဧက ၊ စုစုပေါင်း နွေသီးနှံစိုက်ဧက ၆၈၆၃၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ယနေ့အထိ နွေစပါးစိုက်ပျိုးပြီးစီးမှု ၁၀၅၁၅ ဧက ၊ နွေနှမ်း (၄)ဧကခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရပြီး ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးမျိုးများမှာ ဆာဖိုးသာ ၊ GW 1 ၊ ရတနာတိုး ၊ မနောသု ၊ ဆင်းသုခ ၊ ချမ်းမြေမေ စသည့် စပါးမျိုးများကို  စိုက်ပျိုးကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )