ဟားခါး ဧပြီ ၃
၁၃၈၅ ခုနှစ် ၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနားနှင့် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူပူဇော်ခြင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၂ /၂၀၂၄)ကို ယမန်နေ့နံနက် (၁၀) နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်နှင့် မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများမှ ကော်မတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့ ရိုးရာပွဲတော်ဖြစ်သည့်အတွက် မြန်မာ့ရိုးရာ အစဉ်အလာများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း ၊ ပွဲတော်ကျင်းပရန် အချိန်အားဖြင့် ( ၂ ) ပတ်ခန့်သာ လိုတော့သည်ဖြစ်သည့်အတွက် ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့် ကော်မတီအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက် မည့်အစီအမံများကို ပွင့်ပွင့်လင်းလင်း ဆွေး နွေးတင်ပြကြစေလိုကြောင်း အမှာစကားပြောကြား သည်။
ထို့နောက် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီဝင်များသည် အတွေ့အကြုံရှိသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများဖြစ်ကြသဖြင့် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် လုပ်ငန်းကော်တီ(၁၁)ခုမှ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးဝင်းဇော်ဦး ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင် ၊ ပြည်နယ်တိုင်း ရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် အတွင်းရေးမှူးများဖြစ်ကြသည့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက် ဆောင်ရွက်ရမည့် အစီအမံများနှင့် အတည်ပြုဆုံးဖြတ်ပေးရမည့် အချက်များကို (Power Point) ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်တို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။
ခရိုင် ( ပြန် / ဆက် )