စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်း (၂/ ၂၀၂၄) ဆင်းပွဲကျင်းပ

စစ်ကိုင်း ဧပြီ ၃

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များအား ဖိတ်ခေါ်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်/လူရွယ်လေးများ ဖြစ်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်ကာ အခြေခံပန်းချီသင်တန်းဖွင့်လှစ်ပေးခဲ့ပြီး ပန်းချီသင်တန်း(၂/၂၀၂၄)ဆင်းပွဲကို ဧပြီ(၃)ရက်၊ နံနက်(၇)နာရီက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် စေတနာ့ဆရာ ပန်းချီပညာရှင်တစ်ဦးက သက်ဆိုင်ရာဌာနအနေဖြင့် ကလေးငယ်များကို အခြေခံပန်းချီသင် တန်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ သင်ကြားပြသခဲ့သည့် အခြေခံပန်းချီပညာရပ်တွေကို စိတ်ဝင်စားစွာ ကြိုးစားသင်ယူခဲ့ကြတဲ့အတွက် သင်ကြားပြသပေးရာတွင် ကျေနပ်မှုရှိကြောင်း၊ ပန်းချီအခြေခံ ပညာတတ်မြောက်ကြပြီဖြစ်တဲ့အတွက် ဆက်လက်လေ့လာ သင်ယူသွားကြပါ ဒါမှသာလျှင် အောင်မြင်တဲ့ပန်းချီ ပညာရှင်ကြီးများဖြစ်လာမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ ခရိုင်ပြန်/ဆက် ဦးစီးမှူးက စေတနာ့ဆရာ ပန်းချီပညာရှင်အား လည်းကောင်း၊ တာဝန်ရှိဝန်ထမ်းများက ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကလေးငယ်များကိုလည်းကောင်း အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ကလေးငယ်များ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန် စက္ကူခေါက်၊ စာကားပုံဆက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးရာ ကလေးငယ်များက တစ်ပျော်တစ်ပါး ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များအား အသိပညာပေးဟောပြောခြင်း၊ ပြပွဲ/ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် သင်တန်းများဖွင့်လှစ်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)