ပေါက်ခေါင်းမြို့နယ် အ.ထ.က ခွဲ (အမှတ်-၁) ၌ အခြေခံအေရိုးဗစ်သင်တန်းဖွင့်လှစ်

ပေါက်ခေါင်း ဧပြီ ၃

ပေါက်ခေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်ကျန်းမာကြံ့ခိုင်သော လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန် နွေရာသီကျောင်းပိတ်ရက်အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ပေါက်ခေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ခွဲ (အမှတ်-၁)၌ ယနေ့နံနက်ပိုင်းက စတင်၍ အခြေခံအေရိုးဗစ် သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိ‌ကြောင်း သိရသည်။

အခြေခံပညာဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပါတိုးတက်စေမည်ဖြစ်ရာ ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား ကျောင်းသူများဖြစ်‌ပေါ်လာစေရန် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အေရိုးဗစ်သင်တန်းကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနည်းပြဆရာမ ဒေါ်ပြုံးပြုံးရီနှင့် အခြေခံပညာဦးစီးဌာနမှ နည်းပြဆရာမ ဒေါ်မေဇာထွန်းတို့မှ အခြေခံအေရိုးဗစ်သင်တန်းကို ဧပြီ ၃ ရက်မှ ၇ ရက်နေ့အထိ သင်တန်းသူ (၄၅) ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)