ပိုင်ကျုံမြို့တွင် ကြိုတင်မဲဆန္ဒရှင်များ မဲပေးခွင့်မရှုံးဆုံးစေရေးအတွက် အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေး

ပိုင်ကျုံ နို၀င်ဘာ ၅

ပိုင်ကျုံမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာလ (၂၉) ရက်နေ့ကစတင်၍ ပိုင်ကျုံမြို့အတွင်းရှိ  ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲများပေးရာတွင် ပိုင်ကျုံမြို့ ကစိုကျေးရွာနှင့် နောင်ခလုံး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် သက်ဆိုင်ရာ မဲရုံများသို့ကြိုတင်ဆန္ဒမဲများပေးရန် လာရောက် နိုင်ခြင်းမရှိသော အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများ၊ မီးဖွားထားသူများနှင့် ကျန်းမာရေးမကောင်းသူများအား မဲပေးပိုင်ခွင့် မရှုံးစေရေး အတွက် သက်ဆိုင်ရာ ကျေးရွာကော်မရှင် အဖွဲ့ခွဲများနှင့် တာ၀န်ရှိသူများက အိမ်တိုင်ရာရောက်လိုက်လံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့အတွင်း၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံ (၅၅) ရုံရှိပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၇) သောင်းကျော်ရှိကြောင်း သိရသည်။   

ပိုင်ကျုံ(ပြန်/ဆက်)