ကြို့ပင်ကောက် ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား စာအောင်လက်မှတ်နှင့် ဆုများဆပ်ကပ်အပ်နှင်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တိုက်ကျာင်းပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍညနှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များ၊ စာအောင်သံဃာနှင့် သီလရှင်ဆရာလေးများ၊ ကြို့ပင်ကောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင်ဆရာတာ် ဘဒ္ဒန္တကောဏ္ဍညထံမှ ငါးပါသီလခံယူဆောက်တည်ပြီး စာအောင်သံဃာ အရှင်မြတ်များနှင့် သီလရှင်ဆရာလေးများအား စာအောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
၂၀၂၃ ခုနှစ် အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန် စာမေးပွဲများတွင် ဓမ္မာစရိယ ၂ ပါး၊ နိကာယ် ၁၅ ပါး၊ ပထမကြီးတန်း ၁ ပါး၊ ပထမလတ်တန်း ၄ ပါး၊ ပထမငယ်တန်း ၁၅ ပါး၊ မူလတန်းအာင် ၂၁ ပါး စုစုပေါင်း စာအောင်သံဃာ ၅၈ ပါးတို့ အောင်မြင်တော်မူခဲ့ကြပြီး ယခု ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ တိုက်ကျောင်းပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း