ဇီးကုန်း ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မိုဃ်းကောင်းကျောင်းတိုက်၌ နိုင်ငံတော်မှ ချီးမြှင့်သော (၂၀၂၄) ခုနှစ် သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တဉာဏသိဒ္ဓိအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် (၁) နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဇီးကုန်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ပန်းတင်လေးကျောင်းဆရာတော် “ဦးပညာသီရိ”ထံမှ ငါးပါးသီလ ခံယူစောင့်တည်ခဲ့ကြသည်။ ဆက်လက်၍ လှည်းကူးမြို့ ပါရမီဗုဒ္ဓသာသနာပြုကျောင်းတိုက် အရှင်ပညာဇောတ(ပါရမီတောရ)က ဘွဲ့ခံဆရာတော်၏ ထေရုပ္ပတ္တိကို ဖတ်ကြားပူဇော်ခဲ့ပြီး၊ (၂၄) ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲ ပထမဆုရ ဘီးလင်းသူအေးအေးသက်မှ "အစညီ အချညီ ပိုဒ်စုံရတု"ဖြင့် လည်းကောင်း၊ ကျွဲခြံရွာ ရွှေခြံရတနာဆရာတော် အရှင်တေဇသာရ သာသနဓဇဓမ္မာစရိယ အရှင်သူမြတ်မှ "သွာဒိရှစ်ဝအဘိတ္ထဝန ဂါထာတော်"ဖြင့် ပူဇော်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ဗဟိုဝန်ဆောင် သာသနဓဇဓမ္မာစရိယ မဟာဂန္ထဝါစက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ သမားတော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇဝန္တာဘိသိရီ မှ အနုမောဒနာတရား ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်မှ ချီးမြှင့်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဖြစ်သည့် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်ရရှိသည့် ဆရာတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့မှ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် အလှူရှင်များမှ ပူဇော်လှူဒါန်းကြသော ပူဇော်ဝတ္ထုငွေများကို လှူဒါန်းပေးအပ်ရာ ကပ္ပိယတစ်ဦးမှ လက်ခံရယူပေးခဲ့ပြီး၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပည့်ဒါယကာ၊ ဒါယကာမများ မြို့နယ်ဥပါသကာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)