ထားဝယ် ဧပြီ ၂
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်၊။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က မီးခိုးမြူငွေ့သဘောသဘာဝအရ ပမာဏများပြားလာပါက တစ်နေရာမှတစ်နေရာ၊ တစ်နိုင်ငံမှအခြားတစ်နိုင်ငံသို့အလွယ်တကူ ရွေ့လျားပျံ့နှံ့ခြင်းကြောင့် ညစ်ညမ်းမှုဖြစ်ပေါ်ပြီးလူသားများ၊ အပင်နှင့်တိရစ္ဆာန်များကိုများစွာ ထိခိုက်စေခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မီးခိုးမြူငွေ့နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်နှင့် သိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် တာဝန်ရှိသူများ၏ဟောပြောချက်များကို လေ့လာမှတ်သားစေလိုကြောင်း ပြောကြားသည်။
ထို့နောက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဖြိုးက မီးခိုးမြူငွေ့ဆိုသည်မှာ အခိုးအငွေ့များ၊ ဖုန်မှုန်များ၊ အမှုန်များ၊ ရေခိုးရေငွေ့၊ အငွေ့ပျံစေနိုင်သည့်အရာများ လေထုထဲတွင် ပေါင်းစပ်ဖြစ်ပေါ်လာခြင်းကို မီးခိုးမြူငွေ့ဟု ခေါ်ဆိုကြောင်း၊ မီးခိုးမြူငွေ့အဓိကဖြစ်စေနိုင်သောအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု၏ဆိုးကျိုးများနှင့်မီးခိုးမြူငွေ့ ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့်ရောဂါများအကြောင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကို လျော့ချရန်နည်းလမ်းများနှင့်မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်ဖြစ်ပွား နေချိန်တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသောမီးများအား တားဆီးကာကွယ်ရန် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်း စသည့်တို့ကိုဟောပြောခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)