ဘားအံ ဧပြီ ၃
၆၆ ကေဗီ ဘုရားကုန်း-မိသရောင် ဓာတ်အားလိုင်း (၇ ဒဿမ ၆) မိုင်တည်ဆောက်ရာတွင် လိုင်းနှင့်မလွတ်ကင်းသည့် သီးနှံပင်များအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပထမအကြိမ် သီးနှံလျှော်ကြေး ငွေကျပ်သိန်းငါးရာကျော်ကို တောင်သူ ၂၉ ဦးထံ ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပေးအပ်ခဲ့သည်။
သီးနှံလျှော်ကြေးပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ၆၆/၁၁ ကေဗွီ(၁၀)အမ်ဗွီအေ မိသရောင်ဓာတ်အားခွဲရုံကို ၂၀၁၉-၂၀၂၀ ခုနှစ် ပြည်ထောင်စုရန်ပုံငွေ ၆၅၈ သန်းကျော်ဖြင့် တည်ဆောက်ခဲ့ပြီး ၆၆ ကေဗွီဓာတ်အားလိုင်း ၇ ဒဿမ ၆ မိုင် ဆွဲသားခြင်းကို ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၈၁၈ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ အဆိုပါ ဓာတ်အားခွဲရုံမှ ဘားအံမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၉ ရွာ မီးသုံးစွဲသူ ၆၀၆၀ ဦး၊ ပိုင်းကျုံမြို့မှ ကျေးရွာပေါင်း ၉ ရွာမီးသုံးစွဲသူ ၁၂၆၅ ဦးတို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော တောင်သူ ၂၉ ဦး၏ သီးနှံလျှော်ကြေးငွေ စုစုပေါင်း (၁၀၅) သန်းကျော်အနက် ပထမအကြိမ်အနေဖြင့် ငွေကျပ် (၅၀၄၂၀၀၀ဝိ/-) သိန်းငါရာကျော်ကို ပေးအပ်သွားမည်ဖြစ်ကာ ဓာတ်အားခွဲရုံအသစ်နှင့်ဓာတ်အားလိုင်းများ တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသော တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တောင်သူ(၂၉)ဦးတို့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော တောင်သူ(၂၉)ဦး၏ သီနှံပင်များအတွက် လျှော်ကြေးငွေများကို တစ်ဦးချင်းစီပေးအပ်ခဲ့ကြပြီး တောင်သူ(၂၉)ဦး ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)