ဒေးဒရဲ ဧပြီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်း စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများတိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ၁-၄-၂၀၂၄ ရက်နေ့မွန်းလွဲ (၂)နာရီက ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ခင်မောင်ဌေး (ပညာရေး) ရေးသားသည့် အနာဂတ်ကို သစ္စာမဖောက်ကြပါနဲ့ စာအုပ်ပါနာမည်ကောင်းတစ်ခု၏ ဂုဏ်သိက္ခါဆောင်းပါးနှင့် ကလေးစာပေပွဲတော်မှသည် စာဖတ်ခန်းများဆီသို့ ဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် လူတို့သည်အသက်ရှင်ရပ်တည်နေသည့် တိုတောင်းလှသည့်ဘဝတွင် နာမည်ကောင်းတစ်ခုရရှိလာရန် ကိုယ်ကျင့်သီလလုံခြုံမှု၊ အလုပ်တာဝန်များအပေါ် တာဝန်ကျေပွန်မှု၊ ဇွဲလုံ့လ၊ ဝိရိယစိုက်ထုတ်၍ နာမည်ကောင်းတစ်ခု အရှည်တည်တံ့ရန် အသိရော၊ သတိပါကပ်ငြိထိန်းသိမ်းပါမှ အဆိုပါနာမည်ကောင်းတစ်ခုဖြင့် ချမ်းသာကြွယ်ဝမှုကို ဖန်တီးပေးနိုင်ကြောင်းနှင့် အသိဥာဏ်မြင့်သည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် စာဖတ်ဝါသနာကို ငယ်စဥ်ကပင် ပြုစုပေးသင့်ကြောင်း၊ မိဘ၊ ဆရာပူးပေါင်းပြီး ငယ်စဥ်ကပင်လူငယ်များ စာဖတ်ဝါသနာပါရေး ပျိုးထောင်ပေးသင့်ပါကြောင်း၊ စာဖတ်သူသည် အမြဲတိုးတက်နေပြီး စာမဖတ်သူကား အမှောင်အတိ ကျနေသူနှင့် တူသွားမည်ဖြစ်ရာ ကလေးများ စာဖတ်ဝါသနာကို ပိုမိုရှင်သန်အောင် ဆောင်ရွက်သင့်ပါကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသူများက မြို့နယ်ရုံးက အသိပညာပေးပြသထားသော အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်းသိရသည်။
အေဇာလင်း