မကွေး ဧပြီ ၃
မကွေးတိုင်းဒေသကြီးအတွင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျာထားချက်ပြည့်မီစွာ ထုတ်ချေးနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က မကွေးမြို့ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ တိုင်း၊ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဆီစက်လုပ်ငန်းရှင်များ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အမှာစကားကြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး၊ သွင်းကုန်အစားထိုးရေး၊ ပို့ကုန်မြှင့်တင်ရေးတို့အတွက် ဘက်ပေါင်းစုံမှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းမှာ အလားအလာကောင်းမွန်တဲ့ ထုတ်ကုန်အမယ်တွေကို ဖော်ထုတ်သတ်မှတ်ပြီး ဒေသအလိုက် ဒေသတစ်ခု ထုတ်ကုန်တစ်ခု OneRegion One Product အစီစဉ်အောက်မှာ မြှင့်တင်ဖို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးဟာ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဝါသီးနှံ၊ စပါးသီးနှံ အဓိကစိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီးတစ်ခု ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များကို ရွေးချယ်ပြီး ကုန်ထုတ် လုပ်မှု လုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်မှလည်း MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် MSME ချေးငွေများ၊ ဆီစက် လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများနှင့် အခြားချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးမှ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆီစက်လုပ်ငန်းရှင်များကို ချေးငွေများ ထုတ်ချေးပေးပြီးဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး၊ ဦးဇော်ထွန်းအောင်က ဆီစက်ချေးငွေ လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းအဆင့်ဌာန ဆိုင်ရာများက ဆီစက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဆီစက်ချေးငွေ လျှောက်ထားမှုအပေါ် စည်းကမ်းသတ်မှတ်ချက်များ၊ FDA နှင့် ပတ်သက်သည့် သိကောင်းစရာများနှင့် ထိန်းချုပ်အစားအသောက်ဖြစ်သည့် အမှတ်တံဆိပ်ပါ ဘူးသွင်း စားသုံးဆီ ထုတ်လုပ်သူများလိုက်နာရမည့် အချက်များကို အသီးသီးရှင်းလင်းပြောကြားရာ လုပ်ငန်းရှင်များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)