ဝေါလေမြိုင် နိုဝင်ဘာ ၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲများကို ဝေါလေမြိုင်မြို့အတွင်းရှိ ရပ်ကွက် ရွေးကောက်ပွဲ ကောက်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ ၂၉ ရက်နေ့စတင်၌ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်များလာရောက် မဲပေးလျက်ရှိကြောင်းသိရသည်။
ဝေါလေမြိုင်မြို့အတွင်း ကြိုတင်ဆန္ဒမဲပေးသူများမှာ မဲဆန္ဒနယ်အတွင်းရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သူများ၊ အသက် ၆၀ နှစ်အထက်မဲဆန္ဒရှင်များ၊ နိုင်ငံ့တာဝန်ဖြင့် မဲဆန္ဒနယ် ကျော်လွန်၍ ခရီးသွားမည့်နိုင်ငံ့ဝန်ထမ်းများနှင့် ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့်သူများဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်နေ့အထိ ဝေါလေမြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၃၃၇ ဦးနှင့် အမှတ်(၂)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၁၆၉ ဦး စုစုပေါင်း ကြိုတင်ဆန္ဒမဲပေးသူ ၅၀၆ ဦး ရှိကြောင်းသိရသည်။
ဝေါလေမြိုင်မြို့တွင် ရပ်ကွက် (၂) ရပ်ကွက်၌ မဲရုံ (၂) ရုံထားရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၂၄၃၂ ဦး ရှိကြောင်း ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)