တောင်ငူ ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ (၂၀၂၄) ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းများ သင်တန်းဆင်းပွဲကို တောင်ငူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်အားကစားကွင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာဦးက အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သူဇာထွေးက (Knight Taekwondo Club) မှာ တိုက်ကွမ်သင်တန်းနည်းပြ ဦးစစ်သူအောင်နှင့် (Physical Fitness Dance) သင်တန်းနည်းပြ ဒေါ်နှင်းထက်ထက်လှိုင် (Personal Trainer)တို့အား အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
တောင်ငူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ၊ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်စေရန်နှင့် ဘက်စုံ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ (၂၀၂၄) ခုနှစ်တွင် နွေရာသီအားကစား သင်တန်းများအဖြစ် ဘောလုံး၊ တိုက်ကွမ်ဒို၊ ဘတ်စကတ်ဘော၊ လက်ဝှေ့နှင့် (Physical Fitness Dance) သင်တန်းများကို မတ်လ (၁၂) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၃၅)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း ရသည်။
ဇော်ကိုကို(ပြန်/ဆက်)