ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် ဆီထွက်သီးနှံ နွေနှမ်းအား လျာထားဧကပြည့်မီရေး ကြိုးပမ်းစိုက်ပျိုးလျက်ရှိ

ပွင့်ဖြူ ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ပြည်သူများ ဆီစားသုံးမှုဖူလုံစေရန် ရည်ရွယ်ပြီး နွေနှမ်းလျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံနွေနှမ်းစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၃၇၃၄၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသခံတောင်သူများက သတ်မှတ်လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မတ်လဆန်းမှစတင်၍ စိုက်ပျိုးခဲ့ရာ ယနေ့အထိ နွေနှမ်း စိုက်ဧက (၄)ဧကခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ ဒေသခံတောင်သူများ နွေနှမ်းစိုက်ပျိုးရာ၌ စိုက်ပျိုးရေဖူလုံစွာ ရယူသုံးစွဲနိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် သီးနှံအထွက်နှုန်းတိုးပွားရေးတို့အတွက် လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် ဆက်စပ်ဌာနများက ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်မှာ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ နွေနှမ်းစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၃၇၃၄၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒေသခံတောင်သူတွေကိုလည်း နွေနှမ်းစိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်းကောင်းမွန်စေဖို့အတွက် နယ်မြေအလိုက် ကွင်းဝန်ထမ်းများက တောင်သူတွေကို နွေနှမ်းစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေဖူလုံစွာ ရယူသုံးစွဲနိုင်ဖို့၊ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှုမရှိအောင် စနစ်တကျ သုံးစွဲကြဖို့၊ အထွက်နှုန်းတိုးတက်စေရေး မျိုးကောင်းမျိုးသန့်များရရှိစေဖို့နဲ့၊ စိုက်နည်းစနစ်များ မှန်ကန်စေဖို့အတွက် သက်ဆိုင်ရာ ဌာနတွေက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေပါတယ်။ နွေနှမ်းစိုက်ပျိုးပြီးစီးမှုအနေနဲ့ ယနေ့အထိ (၄)ဧကလောက် စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဒေသခံတောင်သူတွေကို တွန်းအားပေးဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။  

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံဝင်ငွေတိုးပွားရေးအတွက် ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးခြင်းကို (နွေ၊ မိုး၊ ဆောင်း)တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး စိုက်ပျိုးရေအဆင်ပြေသည့်အတွက် အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း သိရကာ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများက နွေနှမ်းစိုက်ပျိုးရေးကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာတွင် နွေနှမ်းစိုက်ဧက ၃၇၃၄၈ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် အဓိက စိုက်ပျိုးသည့် နှမ်းမျိုးများမှာ  နှမ်းဖြူ၊ စမုံနက်၊ သိပ္ပံ နှမ်းနက်၊ ဆင်းရတနာ-၄ စသည့် နှမ်းမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)