အထက်မင်းလှ ဧပြီ ၃
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးနှင့် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့နံနက် (၉)နာရီက မင်းလှမြို့သို့ ရောက်ရှိပြီး၊ မင်းဘူးမြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်မှုဖြင့် အထူးကုဆရာဝန်များ ဆေးကုသရေးအဖွဲ့မှ မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်သူများအား ကွင်းဆင်းဆေးကုသဆောင်ရွက်မှုအား ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးကျန်းမာ ရေးဦးစီးဌာနမှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့်လူနာများအား ကြည့်ရှုအားပေးပြီး၊ ဆေးကုသနေမှုများအား လှည့်လည်ကြည့်စစ်ဆေးခဲ့သည်။
ထို့နောက် အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားများပြောကြားပြီး ဆေးကုသရေးအထူးကုဆရာဝန်အဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး၊ ဆေးကုသမှုခံယူလာသည့် လူနာများအား ထမင်းဗူးနှင့် သောက်ရေသန့်များဖြန့် ဝေပေးခဲ့သည်။
အဆိုပါကွင်းဆင်းဆေးကုသပေးရာတွင် အထွေထွေရောဂါကုသမှုဆိုင်ရာလူနာ (၂၄၀) ဦး၊ ခွဲစိတ်ကုသရမည့် ရောဂါဆိုင်ရာလူနာ (၄၁) ဦး၊ ကိုယ်ဝန်ဆောင်နှင့် သားဖွားမီးယပ်ရောဂါ ဆေးကုသမှုဆိုင်ရာလူနာ (၃၉) ဦး၊ ကျန်းမာရေးမကောင်းသောကလေးများ ဆေးကုသမှု ဆိုင်ရာလူနာ (၃၅) ဦး၊ အရိုးအကြောနှင့်ပတ်သက်သော ရောဂါဆိုင်ရာလူနာ (၂၂၂) ဦး၊ မျက်စိရောဂါလူနာ(၂၀၆)ဦး၊ နား၊ နှာခေါင်းလည်ချောင်းနှင့်ပတ်သက်သည့်လူနာ (၆၅) ဦး၊ သွားရောဂါလူနာ (၁၄) ဦး၊ ဓာတ်ခွဲစစ်ဆေးလူနာ (၃၁) ဦး၊ TVဓာတ်မှန်ရိုက်လူနာ(၆၁)ဦး၊ ရိုးရိုးဓာတ်မှန်ရိုက်လူနာ (၅၃) ဦး၊ စုစုပေါင်းဒေသခံပြည်သူ (၁၀၀၇) ဦးအားကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)