နတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

နတ်မောက် ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒေါ်ခင်ဖြူဝင်း (ဦးစီးမှူး) က ကလေးအလုပ်သမားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ ကလေးများကို အန္တရာယ်ရှိစေနိုင်သည့်အလုပ်၊ ပြင်းထန်ပြီးထိခိုက်ဒဏ်ရာရစေသည့်အလုပ်၊ ဖိစီးမှုများသည့်အလုပ်၊ ပင်ပန်းကြီးစွာလုပ်ရသောအလုပ်များကို ခိုင်းစေမှုမပြုရကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးအလုပ်သမားလျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများစသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာတို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်းသိရသည်။

လှဝင်း