လိပ်သို ဧပြီ ၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသနေပြည်သူများသည် တောတောင်များတွင် သဘာ၀အလျောက် ပေါက်ရောက်သော ဆူးပုတ်ရွက်များ ခူးယူပြီး မိသားစု စားသုံးရန်အပြင် ပိုလျှံသော ဆူးပုတ်ရွက်များကို တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိစေရန်အတွက် ရောင်းချလျက်ရှိကြောင်း သိရသည်။
ဆူးပုတ်ပင်များသည် မတ်လအကုန်မှစ၍ အညွန့်များ လှိုင်လှိုင်ထွက်ရှိပြီး ယင်းအညွန့်များအား ဒေသခံများက တောတောင်များသို့ သွားရောက်ကာ ရှာဖွေခူးယူရောင်းချကြကြောင်း၊ ဆူးပုတ်ရွက် တစ်စီးလျှင် (၅၀၀) ကျပ်နှုန်းဖြင့် ခူးယူရောင်းချကြောင်း၊ အရင်းအနှီး စိုက်ထုတ်စရာမလိုဘဲ တောတောင်များက သဘာ၀အလျောက်ပေးသည့် ဆူးပုတ်ပင်များသည် မိသားစုများအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိစေကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ဆူးပုတ်ရွက်များကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်နိုင်သည့်အတွက် ဒေသနေ ပြည်သူများ ကြိုက်နှစ်သက်သောကြောင့် မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် အရင်းအနှီး စိုက်ထုတ်မှုနည်းသော ဆူးပုတ်ပင်များကို အိမ်ခြံဝင်းများတွင်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)